|
ချယ်လ်ဆီးနှင့်
ပွဲတွင် အကောင်းဆုံး ခြေစွမ်း ပြခဲ့သော်လည်း နယူးကာဆယ်လ် ယူနိုက်တက်
ကွင်းလယ်လူ မူဆာ ဆစ်ဆိုကိုက အသင်းလိုက် စွမ်းဆောင်မှုသည် ပိုမို
အရေးပါခဲ့ကြောင်း မှတ်ချက်ပြု ပြောကြားသွားသည်။
အသက်(၂၃)နှစ်ရှိ ပြင်သစ် လက်ရွေးစင်
ကွင်းလယ် ကစားသမားသည် ဆောင်းရာသီ ဈေးကွက်
ကာလကမှ စိန့်ဂျိမ်းပါ့ခ်သို့
ရောက်ရှိလာသူ ဖြစ်သည်။ ၎င်းသည် ချယ်လ်ဆီးကို (၃-၂)ဖြင့် အနိုင်ရသော ပွဲစဉ်တွင်
ဒုတိယပိုင်း၌ အကောင်းဆုံး ခြေစွမ်းပြကာ (၂)ဂိုး သွင်းယူပေးခဲ့သည်။
အထူးသဖြင့် နယူးကာဆယ်လ်၏ တန်ပြန်တိုက်စစ် ကစားပုံတွင် ဆစ်ဆိုကို၏
မြန်နှုန်းနှင့် ခွန်အားတို့မှာ အလွန် အခရာ ကျခဲ့ပြီး ချယ်လ်ဆီး
ခံစစ်သမားများသည် ၎င်းကို တစ်ဦးချင်း ထိန်းချုပ်ရန် ရုန်းကန်ခဲ့ရသည်။
နေ့ချင်းညချင်း
နယူးကာဆယ်လ် ပရိသတ်၏ သူရဲကောင်းအသစ် ဖြစ်လာသော ဆစ်ဆိုကိုက "ကျွန်တော်
အရမ်း ပျော်ပါတယ်။ ဒါပေမဲ့လည်း ခုပွဲအနိုင်ဟာ တစ်သင်းလုံးရဲ့ စုပေါင်း
စွမ်းဆောင်မှုဆိုတာ မေ့လို့ မရပါဘူး။ ကျွန်တော့် ကစားပုံ ကောင်းခဲ့ပါတယ်။
အရေးကြီးတာက တစ်သင်းလုံး အားထုတ်မှုက ပိုကောင်းခဲ့တယ် ဆိုတာပါ။ ဒီပွဲမှာ
(၃)မှတ် အပြည့်ယူဖို့ ကျွန်တော်တို့ ရည်ရွယ်ထားသလို လက်တွေ့လည်း
ဖြစ်မြောက်ခဲ့တယ်။ ခုလိုခြေစွမ်းမျိုးကို ဆက်ထိန်းပြီး ပရီးမီးယားလိဂ်မှာ
ဖြစ်နိုင်
သလောက် အဆင့်အတန်းမြင့်မြင့် ရပ်တည်ဖို့ ကျွန်တော်တို့
မျှော်လင့်ပါတယ်"ဟု ပြောကြားခဲ့သည်။
၎င်းက "ကျွန်တော်
(၁၀၀)ရာခိုင်နှုန်း ပေးဆပ်ခဲ့တာပါ။ ဒါဟာ ကျွန်တော့် ခြေစွမ်း အမြင့်ဆုံး
စွမ်းဆောင်မှု ဖြစ်ပါတယ်။ မိနစ်(၉၀)လုံးလုံး ပွဲအပေါ် စူးစိုက်ထားခဲ့သလို
အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်ဟာ အသင်းမှာ အထိုင်ကျစပဲ
ရှိသေးတာပါ။ ခုထက် ပိုကောင်းလာအောင် အားထုတ်ဖို့ အစွမ်းကုန်
ကြိုးစားနေမှာပါ။ တစ်ခါတစ်လေ ကျွန်တော် လေ့ကျင့်ရေး အစီအစဉ်တွေမရှိရင်မြို့ထဲလျှောက်လည်ပါတယ်။ အဲဒီအခါပရိသတ်တချို့က ကျွန်တော့်ဆီပြေးလာ ပြီးအော်တိုရေးခိုင်းတတ်တယ်။ ဒီခံစားမှုလေးတွေကအရမ်းကျေနပ်ဖို့ ကောင်းပါတယ်"
ဟု
ဖွင့်ဟသွားသည်။
|
No comments:
Post a Comment